Home / Uncategorized / 🌡က​လေးငယ်များ ကိုယ်အပူချိန်များ၍တက်ခြင်း🌡

🌡က​လေးငယ်များ ကိုယ်အပူချိန်များ၍တက်ခြင်း🌡

Uncategorized 0

ကလေးငယ်များ ဖျားနာသည့်အခါ ကိုယ်အပူချိန်များလွန်း၍ တက်ခြင်း ဖြစ်ပေါ်တတ်ပါသည်။
ဆေးပညာအရ febrile convulsions (febrile fits) ဟုခေါ်ပါသည်။

ဖျား၍တက်ခြင်းသည် အသက် ခြောက်လမှ ငါးနှစ်အတွင်းကလေးငယ်များတွင် အဖြစ်များပြီး စစ်တမ်းများအရ ကလေး ၂၅ယောက်လျှင် တယောက် ဖြစ်နိုင်ချေရှိပါသည်။ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်အပူချိန် ရုတ်တရက်ပြောင်းလဲခြင်းကြောင့်ဖြစ်သည်။

မိဘများအနေဖြင့် မိမိရင်သွေးဖျားနာလျှင် စိတ်ပူပန်တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ထို့ကြောင့်မိမိရင်သွေး အဖျားကြီး၍တက်ခဲ့လျှင် မည်သို့ပြုစုသင့်သည်ကို မျှဝေလိုပါသည်။

တက်သည်ဟုဆိုရာတွင် တကိုယ်လုံးတောင့်တင်းခြင်း သို့မဟုတ် တကိုယ်လုံးဆတ်ဆတ်တုန်ခြင်း စသည်ဖြင့် တွေ့ရတတ်ပါသည်။ ကလေးငယ်သည် တက်ပြီးသည့်နောက်တွင် သတိလစ်ခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းများ ခံစားရတတ်ပါသည်။

ကလေးတက်လျှင် မိဘများအနေဖြင့်အောက်ပါအချက်များကို လိုက်နာသင့်ပါသည်။
၁. စိတ်ကိုတည်ငြိမ်စွာထားပါ
၂. အသက်ရှူလမ်းကြောင်းပိတ်ခြင်းကို ကာကွယ်နိုင်ရန် ကလေးကို ဘေးစောင်း၍ထားပါ
၃. တက်နေသောကလေး၏ပတ်ဝန်းကျင်ရှိ အန္တရာယ်ဖြစ်စေနိုင်သော အရာဝတ္ထုများကိုဖယ်ရှားထားပါ
၄. တက်သည့်အခါ အချိန်မည်မျှကြာသည်ကို အကြမ်းဖျင်းမှတ်သားထားပါ

ရှောင်ရှားရမည့် အချက်များမှာ
၁. ကလေးပါးစပ်အတွင်းသို့ မည်သည့်ပစ္စည်းမှ မထည့်ရပါ (ဥပမာ ဇွန်း)
၂. ကလေးတက်နေစဥ် အတက်ကျစေရန်ရည်ရွယ်၍ ကလေးကိုဖိထားခြင်း ခြေချိုးလက်ချိုးခြင်းများ မလုပ်ရပါ။

သတိထားရမည့်လက္ခဏာများ
အဖျားကြီးလွန်း၍တက်ခြင်းကြောင့် နောက်ဆက်တွဲရောဂါများဖြစ်လေ့မရှိသော်လည်း မိဘများအနေဖြင့် အောက်ပါလက္ခဏာများ ရှိ/မရှိ ဂရုပြု၍ကြည့်ရှူရမည်ဖြစ်သည်။ ၎င်းတို့မှာ

၁. လည်ပင်းတောင့်တင်းနေခြင်း (ဦးနှောက်အမြေးရောင်သည့်လက္ခဏာ ဖြစ်နိုင်ပါသည်)
၂. တက်ပြီးသည့်နောက် တကြိမ်ထက်ပို၍ အန်ခြင်း
၃. အသက်ရှူခက်ခဲခြင်း
၄. အလွန်တရာ မှိန်းနေခြင်း

ဤလက္ခဏာများရှိပါက မိမိရင်သွေးကို ဆေးရုံ သို့မဟုတ် နီးစပ်ရာဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြသသင့်ပါသည်။

အဖျားကြီး၍တက်ခြင်းကို ကာကွယ်နိုင်သည့်နည်းလမ်းမှာ အဖျားကျအောင်လုပ်ပေးခြင်းသာဖြစ်သည်။ ကလေးများဖျားနာလျှင် အဖျားကျဆေးတိုက်၍သော်လည်းကောင်း နားလည်တတ်ကျွမ်းသော ကလေးအထူးကုဆရာဝန်ကြီးများနှင့် ပြသ၍သော်လည်းကောင်း ကာကွယ်နိုင်ပါသည်။

—————

💠 ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်သိရှိလိုပါကအောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Ar Yu Call Center
📞 (01) 9376 200
📞 (09) 7678 111 22
📞 (09) 7678 111 44

🏥 အမှတ် ၄၀၀၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။

  •  
    Previous Post

Subscribe Newsletter

Copyright Š ARYU Hospital 2023. All Rights Reserved